Announcements

ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP) အရ တရုတ်နိုင်ငံ သို့တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များအတွက် CO Form RCEP ကို လျှောက်ထားနိုင်ပြီဖြစ်

Last Updated:

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့ ပါဝင် လက်မှတ်ရေးထိုးခဲ့သော ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (Regional Comprehensive Economic Partnership-RCEP) သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်သက်ဝင်နေပြီဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် စာချုပ်အသက်ဝင်နိုင်ရန် ပြည်တွင်းလုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပြီးစီးကြောင်း အသိပေးအကြောင်းကြားစာ (Instrument of Ratification-IoR) ကို အာဆီယံအတွင်း ရေးမှူးချုပ်ရုံးသို့ ၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင်ပေးပို့ခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် တရုတ်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ အကြား ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် စတင်သက်ဝင်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

သို့ပါ၍ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်အရ တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များအတွက် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ CO Form RCEP ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ ပို့ကုန်တင်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်ပြီဖြစ်ကြောင်းနှင့် ယင်း၏ ဆက်စပ်လုပ်ငန်းစဉ်များဖြစ်သည့် စက်မှုထုတ်ကုန်များဖြစ်သည့် စက်မှုထုတ်ကုန်များအတွက် စက်မှု ထုတ်ကုန်မှတ်ပုံတင်လက်မှတ် (Certificate of Product Registration) နှင့် အတည်ပြု ပို့ကုန်တင်ပို့သူ (Approved Exporter) မှတ်ပုံတင် လက်မှတ်ကိုလည်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

CO Form RCEP ကို ကုန်သွယ်ရေးဦးစီးဌာန၏ Online CO Application System (https://onlineco.myanmartradenet.com) ၌ ဝင်ရောက် လျှောက်ထားနိုင်ပါသည်။    

 

(ရီရီဝင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့)

Category: Announcements